မြန်မာစာ Font မမှန်လို့ ဖတ်မရရင် အောက်က စာကိုနှိပ်ပါ
Thursday, December 11, 2014
တပေါင်းရာသီ လွမ်းပန်းချီ (ကဗျာ)
=> မြန်မာစာ မမှန်လျှင် ဤစာကို နှိပ်ပါ။ <=
တပေါင်းရာသီ လွမ်းပန်းချီ
   ဟေမန်နှောင်းလို့
လေရူးမွှေနှောက် မိုးမဖောက်ပဲ
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေ၍
နွေဦးကိုလည်း ရောက်ခဲ့ပြီ။
လတပေါင်းသို့
ရက်ကူးကျော်ပေါက် နေ့မဖျောက်ပဲ
ရက်ဟောင်းတွေဖြေ ရက်သစ်စေ၍
နေ့သစ်တစ်ဖန် စခဲ့ပြီ။
နွေဦးအလှ သဘာဝနှင့်
လိုက်လျောညီထွေ ပန်းတစ်ထွေလည်း
ဖူးငုံပွင့်ပြောင်း အာရုဏ်လောင်း၌
ဖော်ပေါင်းစုံညီ ပွင့်ကြသည်။
နွေဦး၏မာန် အချစ်ဟန်နှင့်
တွန်ကြူးဘာသာ ငှက်တို့မှာလည်း
သာယာနေ့ဦး ရက်သစ်ထူးကို
မိတ်ပေါင်းစုံစွာ ကြိုဆိုကြသည်
တီတီတာတာ ကြာကြာနှင့်။
နွေဦးသာယာ သည်ချိန်ခါဝယ်
ဝန်းကျင်တစ်ဝိုက် အပျော်ဆိုက်လည်း
ပျော်ရွှင်ကြည်နူး သည်နေ့ထူးကို
မပျော်မပိုက် အချစ်မိုက်ဖြင့်
ပန်းခြံတွင်းဝင် မြက်ခင်းပြင်၌
ထွက်ခွာချစ်သူ အပြစ်ယူ၍
မေ့ဖျောက်ပစ်ရန် ကြိုးပမ်းပြန်လည်း
အားအင်မရှိ အချည်းနှီးတည်း။
ဖော်ရွှေကွဲ၍ကြင်သူမပါ
 တစ်ကိုယ်တည်းသာဖြင့်
သံသာဥသြ သီဆိုကြော၌
မျောလျက်ကယ်ပါ စိတ်စဉ်မှာလည်း
တည်ငြိမ်မရှိ မှန်းဆဘိတည်း
လွမ်းရစ်ငြီးသို့
ချစ်သူအပြုံး အလှဆုံးဟု
တမ်းတမျှော်ကာ လွမ်းမိပါလည်း
ငါတည်းမဟုတ် တူသရုပ်သို့
စိတ်၏သဏ္ဌာန် ကြေးမှုံမှန်တွင်  
ဥသြတွန်ကြူး သံသာထူး၌
လွမ်းလျက်ကယ်သာ လွမ်းမိပါသည်
ငါ၏လွမ်းရက်နေ့များတည်း။
0 comments:
Post a Comment